ကျိုးပဲ့အိမ်မက်များဆိုတဲ့ရုပ်ရှင်ကို နိုင်ငံတကာမှာပြသတော့မှာဖြစ်ပါတယ် မတူညီတဲ့ ဒါရိုက်တာ ၉ဦးက ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို ၉ခုကို ပေါင်းပြီး ရုပ်ရှင်အဖြစ်ဖန်တီးထားတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကို ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဂျာမဏီ နိုင်ငံအသီးသီးက ရုပ်ရှင်ပွဲတော်တွေ ရုပ်ရှင်ပြသပွဲတွေနဲ့ ရံပုံငွေရှာဖွေပွဲတွေမှာ ပြသခဲ့ပါတယ်။ BROKEN DREAMS – ကျိုးပဲ့အိပ်မက်များ ရုပ်ရှင်ဟာ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ 29th Kolkata International Film Festivalရဲ့ Asia Selectကဏ္ဍမှာ အကောင်းဆုံး ရုပ်ရှင်ဆု NETPAC Awardကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာအများစုဟာ အရင်ကလဲ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုကို အဖွဲ့လိုက်ရခဲ့တယ်လို့ ဆိုပါတယ်။ “Dancing in the Dark” လို့ အမည်ရတဲ့ရုပ်ရှင်မှာဆိုရင် ကရင်နီဒုက္ခသည်တွေကိုယ်တိုင် ပါဝင်တယ်လို့ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဗိုလ်သက်ထွန်းက ပြောပါတယ်။ တော်လှန်အနုပညာရှင်တွေအပြင် တခေတ်တခါက နံမည်ကြီးခဲ့တဲ့ အကယ်ဒမီမင်းသမီးကြီး မေဝင်းမောင်လဲပါဝင်ပါတယ်။ ရုပ်ရှင်အစိတ်အပိုင်းတွေအားလုံးဟာ အမှောင်ခေတ်ဆိုးကို ရင်ဆိုင်နေကြရသူတွေရဲ့ စိတ်ခံစားမှုတွေကို အနုပညာမြောက်စွာ ပြဆိုထားကြခြင်း ဖြစ်တယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကို စင်ကာပူနိုင်ငံနဲ့ ဩစတျေးလျနိုင်ငံတွေမှာ ဦးဆုံးပြသတော့မှာပါ။ ဖိနှိပ်သူတွေအပေါ် ဖီဆန်နေကြသူတွေရဲ့ စိတ်အနာတွေ ၊ ပျောက်ရှအိပ်မက်တွေ ၊ ဘဝပျောက်သွားရမှုတွေကို အခု ရုပ်ရှင်တွေထဲကနေ ရှုမြင်နိုင်မှာပါ။ ဒီရုပ်ရှင်ကားကြီးကို ဖန်တီးဖို့ မတူညီတဲ့ ဇာတ်လမ်းတို၉ကား ပါဝင်တာကြောင့် ကဏ္ဍအသီးသီးမှာ အခက်အခဲတွေကတော့ ကိုယ်စီရှိကြပါတယ်။ လုံခြုံရေးကြောင့် ရိုက်ကူးရေးနေရာ အခက်အခဲတွေ၊ ရိုက်ကူးရေးပစ္စည်း မစုံလင်မှုတွေ၊ တည်းဖြတ်ရမှာ ကြုံတွေရတဲ့ အခက်အခဲတွေ စသဖြင့် ရှိခဲ့ပါတယ်။
Post comments (0)